၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၄ ရက်

  ၂၀၁၈ ခုနှစ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ ကျင်းပရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မန္တလေးမြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ရဲလွင် တက်ရောက်အမှာစကားပြောကြားသည်။

 အစည်းအဝေးသို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်း၊ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း၊ ကော်မတီဝင်များနှင့် ဌာနမှူးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပြေးခုန်ပစ်ဆပ်ကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် အလှူရှင်ကုမ္ပဏီများ တက်ရောက်ကြသည်။

 ရှေးဦးစွာ မြို့တော်ဝန်က အဖွင့်အမှာစကားပြောကြားရာတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် ၁၉၉၄ ခုနှစ်မှစ၍ မာရသွန်ပြိုင်ပွဲများ ကို ကျင်းပခဲ့ပြီး ၂၀၁၃ ခုနှစ်မှစ၍ မီနီမာရသွန်ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပလာခဲ့ရာ ၂၀၁၇ ခုနှစ်အထိ ဆက်လက်ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုကိုခံယူကာ မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲကို အားကစားရည်မှန်းချက်၊ ရည်ရွယ်ချက် (၅)ရပ်နှင့်အညီ ၂၀၁၈ ခုနှစ် ဆဋ္ဌမအကြိမ် မီနီမာရသွန်ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ်အားကစားမောင်မယ်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ လူထုအားကစားလှုပ်ရှားမှုတစ်ခုအဖြစ် တစ်ခဲနက် စုပေါင်းပါဝင်ဆင်နွှဲနိုင်ရန် ကျင်းပခြင်းဖြစ်ပါကြောင်း၊ မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲကြီးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် နံနက် ၆ နာရီခွဲတွင် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီရုံးရှေ့မှ စတင်တာလွှတ်ပြီး ဗထူးအားကစားပြိုင်ကွင်းအထိ ပြေးလမ်းကြောင်း (၁၃)မိုင်ခန့်ကို ပြိုင်ပွဲဝင်အားကစားသမားများက ဇွဲ၊ လုံ့လကို အရင်းပြု၍ စိတ်အားထက်သန်စွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်၍ ယခုတက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဆပ်ကော်မတီအသီးသီး မှ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းတာဝန်များကို ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲကြီး အောင်မြင်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကြသည့် အလှူရှင်ကုမ္ပဏီများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ပြောကြားသည်။

 ထို့နောက် အခမ်းအနားမှူးက ပြိုင်ပွဲကျင်းပရေး နာယကအဖွဲ့၊ ဦးစီးကော်မတီ၊ ခုံသမာဓိအဖွဲ့နှင့် ဆပ်ကော်မတီများ၊ အထောက်အကူပြုကော်မတီများ ဖွဲ့စည်းထားရှိရန် ဖတ်ကြားတင်ပြသည်။ ဆက်လက်၍ ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ၊ မီနီမာရသွန် အထောက်အကူပြုကော်မတီ၊ ဘဏ္ဍာငွေရှာကြံရေးနှင့် ဆုချီးမြှင့်ရေးအထောက်အကူပြုကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးအထောက်အကူပြုကော်မတီ၊ ဧည့်သည်တော်များ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေးအထောက်အကူပြုကော်မတီ၊ သယ်ယူပို့ဆောင်ရေး အထောက်အကူပြုကော်မတီ၊ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေး၊ လှုံ့ဆော်ရေးနှင့် ဖျော်ဖြေရေးအထောက်အကူပြုကော်မတီ၊ ပြိုင်ပွဲများ စိစစ်ရေးနှင့် မှတ်တမ်းတင်ရေးအထောက်အကူ ပြုကော်မတီ၊ ပြေးလမ်းပုံစံများ ထုတ်လုပ်ရေးနှင့် ရှင်းလင်းရေးအထောက်အကူပြုကော်မတီ၊ လုံခြုံရေးအထောက်အကူပြုကော်မတီ၊ ပြိုင်ပွဲဝင် အင်္ကျီ တံဆိပ်ရိုက်နှိပ်ရေးနှင့် ဖြန့်ဝေရေးအထောက်အကူပြုကော်မတီ၊ ဆုရရှိသည့် အားကစားသမားများ စုစည်းကြပ်မတ်ရေးအထောက်အကူပြုကော်မတီ၊ စနစ်တကျ တာလွှတ်ရေးနှင့် တာဖမ်းရေးအထောက်အကူပြုကော်မတီ၊ အားကစားသမားများနှင့် ဒိုင်လူကြီးများ နေရာချထားရေး အထောက်အကူပြု ကော်မတီအသီးသီးတို့မှ ဥက္ကဋ္ဌများက လုပ်ငန်းတာဝန်များကို အသီးသီးရှင်းလင်းတင်ပြကြရာ မြို့တော်ဝန်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။