၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်

  မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ(၁၆)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၀ရက် မွန်းလွဲ ၁နာရီက ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးလူထု အပန်းဖြေဥယျာဉ်၊ သံအမတ်ကြီးစားသောက်ဆိုင် ခန်းမ၌ ကျင်းပသည်။

 အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်အောင်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်း၊ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ ၄င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်နှင့်မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသော အနယ်နယ်အရပ်ရပ်မှ စိုက်ပျိုးရေးပညာရှင်လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ၊ ဝါသနာရှင်ပြည်သူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ မြို့တော်ဝန်၏ကိုယ်စား ဒုတိယမြို့တော်ဝန် ဦးရဲမွန်က အဖွင့်အမှာစကားပြောကြားပြီး ဆုချီးမြှင့်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျင်မောင်က ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေနှင့် ဆုရွေးချယ်မှုအကြောင်းကို ရှင်းလင်းတင်ပြသည်။

 ဆက်လက်၍ ဒုတိယ မြို့တော်ဝန် ဦးရဲမွန်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်နှင့် မြို့တော်စည်ပင် အတွင်းရေးမှူးတို့က ဌာနဆိုင်ရာပြခန်း ၁၂ခန်းကို ပြခန်းအလိုက် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းနှင့် ကော်မတီဝင် ဦးကျော်ဆန်းမြင့်တို့က ပုဂ္ဂလိကဆိုင်ရာ ပြခန်းအလိုက်ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ကြသည်။

 ထို့နောက် ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများကို ဒုတိယမြို့တော်ဝန်၏ဇနီး၊ မြို့တော်စည်ပင်သာယာအတွင်းရေးမှူး၏ဇနီး၊ တွဲဖက်အတွင်းရေးမှူး၏ ဇနီး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်များက ဆုများချီးမြှင့်ကြသည်။ ဆက်လက်၍ မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြိုင်ပွဲတံခွန်စိုက်ဆုရ ဦးမြင့်နိုင်(ရွှေပွင့်ပျိုးဥယျာဉ်၊ကန်တော်ကြီး)အား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 (၁၆)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် နေပြည်တော်တို့မှ စိုက်ပျိုးရေးလုပ်ငန်းရှင် ၇၄၇ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအမျိုးအစား ၂၃မျိုးတွင် ပြိုင်ပွဲတစ်မျိုးချင်း အလိုက် ပထမဆုငွေကျပ်နှစ်သိန်း၊ ဒုတိယဆုငွေကျပ် တစ်သိန်းငါးသောင်း၊ တတိယဆုငွေကျပ် တစ်သိန်း၊ နှစ်သိမ့်ဆုတစ်ဆုလျှင် ငွေကျပ်သုံးသောင်းနှုန်း နှင့် သုံးဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် ပြပွဲကျင်းပမည့် ဖေဖော်ဝါရီ ၁၆ရက်အထိ ညစဉ် ခေတ်ပေါ်တီးဝိုင်းဖြင့် အလှည့်ကျဧည့်ခံဖျော်ဖြေကြမည့်အပြင် နေ့ပိုင်းတွင် ဗဟုသုတရဖွယ် ပြခန်းများ၊ သစ်သီးဝလံပန်းမန်များ၊ ဟင်းသီးဟင်းရွက်များ၊ ပန်းမန်အမျိုးမျိုးဖြင့် ပုံဖော်အလှဆင်ထားသည့် ဒီဇိုင်းလက်ရာများ၊ ထူးထူးခြားခြား အရုပ်ကလေးများဖြင့် ပုံဖော်အလှဆင်ထားရှိမှုများကို ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။