၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၀ ရက်

 ယခုနှစ်၊ မန္တလေးမြို့တော် မဟာသင်္ကြန်ဖွင့်ပွဲတွင် ရတနာပုံခေတ်အသွင် ဝတ်စားဆင်ယင်မှုဖြင့် ဝင်းခင်းကြမည့် မန္တလေးမြို့မှ တက္ကသိုလ်အသီးသီးရှိ လူငယ်များလည်း စုပေါင်းအားဖြင့် ပါဝင်ဆင်နွှဲမည်ဖြစ်သည်။

 အဆိုပါ လူငယ်အဖွဲ့သည် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ရှေ့၌ ဖွင့်ပွဲအခမ်းအနားတွင် ဝင်းခင်း၍ မောင်းကြေးနင်းတီးခတ်ကာအမိန့်တော် ပြန်တမ်း ဖတ်ကြားသည့် ဝန်မင်းဦးဆောင်သောအဖွဲ့က ရတနာပုံခေတ် ဝတ်စားဆင်ယင်မှုများဖြင့် ဖွင့်ပွဲကျင်းပရာ နေရာတစ်လျှောက် လှည့်လည်သွားမည် ဖြစ်သည်။

 “ဘယ်အဖွဲ့အစည်းကမှ စပွန်စာပေးတာမရှိပါဘူး။ ကျွန်တော်တို့အဖွဲ့အစည်းက ဆေးတက္ကသိုလ်နဲ့ အခြားတက္ကသိုလ်တွေကနေ ဝါသနာတူစုစည်းထားတဲ့ ကျောင်းသားတွေပါ။ အစုံပေါ့ဗျာ။ အဖွဲ့ဝင် ၂၁ ဦးနဲ့ ဘေးတစ်ဝိုင်းရံတဲ့ ၁၀ ဦး အားလုံး ၃၁ ဦးရှိပါတယ်။ ရည်ရွယ်ချက်ကတော့ ရတနာပုံခေတ် သင်္ကြန် အမိန့်ပြန်တမ်းအစီအစဉ်ပေါ့နော်။ စနစ်မှန်၊ မူမှန် ပြန်လည်ဖော်ထုတ်တာပါ။ ကျွန်တော်တို့ရှေးမြန်မာဘုရင်တွေ လက်ထက်က သင်္ကြန်မကျခင်မှာ မောင်းကြေးနင်းတီးခတ်ပြီး ကြေညာတဲ့ဓလေ့ရှိပါတယ်။ အဲ့ဒီဓလေ့ကို ပြန်လည်ဖော်ထုတ်တာပါ။ အကြိုနေ့အလှပြမဏ္ဍပ်တွေရှေ့မှာ လမ်းလျှောက်ပြီး ဝင်းခင်းမှာပါ။ လမ်းလျှောက်သင်္ကြန်နဲ့တောသင်္ကြန်မှာ ဒီဝတ်စုံပြည့်မဟုတ်ရင်တောင်မှ ခေါင်းပေါင်းပေါင်းနည်း၊ တောင်ရှည်ဝတ်နည်းတို့ သရုပ်ပြဖို့ အစီအစဉ်တော့ရှိပါတယ်။ ဝန်မင်း ဝတ်စုံဝတ်ဆင်ထားသူများနှင့်လည်း ဓာတ်ပုံတွဲရိုက်လို့ရပါတယ်။ တကယ်လို့ကိုယ်တိုင်ဝတ်စုံကို ဝတ်ချင်တယ်။ ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်လည်း ဝတ်ဆင်ပေးပါတယ်။ ဝင်းခင်းတဲ့အထဲက ဝတ်စားဆင်ယင်မှုတွေအကြောင်းသိချင်တယ်ဆိုရင်လည်း ဖြေကြားပေးမယ်။ ဝါသနာတူတဲ့ မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးတဲ့ တိမ်မြုပ်နေတာကိုဖော်ထုတ်ချင်တဲ့လူငယ်တွေစုပေါင်းပြီး ကျောင်းသားလူငယ်တွေ စုစည်း ဆောင်ရွက်တာပါ’’ ဟု ကိုပြည့်စုံငြိမ်းက ပြောကြားသည်။