၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်

 မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ခရစ်နှစ်၊ ၂၀၁၈ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအတွက် ဝတ်စုံပြည့် အစမ်းလေ့ကျင့်ခြင်း အစီအစဉ်ကို ဧပြီ ၁၁ ရက် နံနက် ၇ နာရီခွဲက မန္တလေး နန်းမြို့ ကျုံးတောင်ဘက်၊ ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှေ့ မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် ကျင်းပရာ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ မန္တလေး မြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ရဲလွင် တက်ရောက်ကြည့်ရှုအားပေသည်။

 အစမ်းလေ့ကျင့်ရာသို့ မြို့မိ၊ မြို့ဖများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးမြို့ရှိ စာပေနှင့် အနုပညာနယ်ပယ်အသီးသီးမှ ဖိတ်ကြားထားသူများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်း၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ၊ မြို့မ တေးဂီတအဖွဲ့နှင့် စိန်တင့်လွင် မြန်မာဆိုင်းဝိုင်းတော်ကြီး၊ အနုပညာဦးစီးဌာန၊ မင်္ဂလာစည်တော်(မန္တလေးဌာနခွဲ)နှင့် ပုဏ္ဏားတော်များ၊ မန်းစည်ပင် ယိမ်းအကအဖွဲ့ သမီးပျိုများနှင့် အခြေခံပညာကျောင်းများမှ ယိမ်းအကအဖွဲ့ဝင် ကျောင်းသူ ၅၀၀ တို့ တက်ရောက်ကြသည်။

 အစီအစဉ်အရ မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ စမ်းလေ့ကျင့်မှုအဖြစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ မြို့မိမြို့ဖများ၊ စာပေပညာရှင်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ မြို့တော်စည်ပင် လှပျိုဖြူယိမ်းအဖွဲ့နှင့်အတူ ကျောင်းသူ ၅၀၀ တို့က ငြိမ်းချမ်းရေးမိုးပျံပူဖောင်းလွှတ်တင်ပြီး ဖွင့်ပွဲအထိမ်းအမှတ်သီချင်းဆို၍ ယိမ်းအကဖြင့် ညီညာလှပစွာ စုပေါင်းကပြဖျော်ဖြေခြင်း စသည့်အစီအစဉ်များကို စနစ်တကျ လေ့ကျင့်ကြသည်။

 မဟာသင်္ကြန် အကြိုနေ့ ဧပြီ ၁၃ ရက် နံနက် ၅ နာရီခွဲတွင် သံဃာတော် ၁၀၈ ပါးအား ဆွမ်းလောင်းလှူပြီး မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ ယခုနှစ်သင်္ကြန်ဖွင့်ပွဲကို မန္တလေးမြို့ တက္ကသိုလ်အသီးသီးမှ လူငယ်များက စုစည်း၍ ရတနာပုံခေတ် ဝတ်စား ဆင်ယင်မှုဖြင့် ဝင်းခင်း၍ မောင်းကြေးနင်းတီးခတ်ကာ မဟာသင်္ကြန်အမိန့်တော် ပြန်တမ်း ဖတ်ကြားခြင်း အစီအစဉ်ကို ပုံဖော်၍ ရှေ့မှဦးဆောင်ကာ မြို့မငွေငန်း အလှပြယာဉ်၊ ကျောက်ဆည် ဆင်အဖွဲ့များ၊ အလှပြကားများ၊ သင်္ကြန်သံချပ်အဖွဲ့များက မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ရှေ့မှ ဖြတ်သန်းဂါရဝပြုခြင်း အစီအစဉ်များဖြင့် တမူထူးခြားစွာ ကပြသွားမည်ဖြစ်သည်။