၂၀၁၈ ခုနှစ် မေလ ၁၅ ရက်

 မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၂)ရပ်ကွက် အရန်မီးသတ်စခန်းသို့ မီးငြှိမ်းသတ်ယာဉ်တစ်စီး ပေးအပ်လှူဒါန်းပွဲကို မေလ ၁၅ ရက်နေ့ ညနေပိုင်းက အလှူရှင်နေအိမ်တွင် ကျင်းပရာ မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ရဲလွင် တက်ရောက် အမှာစကား ပြောကြားသည်။

 ရှေးဦးစွာ မြို့တော်ဝန်က ကိုယ်တိုင်လည်း ၁၉၈၄ ခုနှစ်မှာ ဦးကျားကြီးဝင်းမီးရဲ့ ဝါးမြိုခြင်းခံခဲ့ရသူ တစ်ယောက်ပါ၊ မန္တလေးနဲ့ မီးက ခဏခဏ ဒုက္ခပေး ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ မီးသတ်ဌာနရဲ့ အရန်မီးသတ်တွေ အများကြီးပေါ်လာပါတယ်။ ပေါ်လာပြီးတဲ့အချိန်မှာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်တဲ့ စနစ် အင်မတန်ကောင်းတယ်။ မီးငြှိမ်းသတ်တဲ့စနစ် အင်မတန်ကောင်းတဲ့အတွက် မီးလောင်ပေမယ့် တစ်အိမ်၊ နှစ်အိမ်၊ သုံးလေးအိမ်လောင်နဲ့တင် ပြီးသွား ပါပြီ။ ဒါတွေဟာ စနစ်ကောင်းတာလည်းပါတယ်။ သန္ဓေမီးသတ်အပြင် အရန်မီးသတ် အများကြီးရှိတာလဲပါပါတယ်။ မီးသတ်ရန်တင်မကပါဘူး။ သဘာဝ ဘေးတွေမှာ ကြည့်လိုက်ပါတယ။ စည်ပင်ကလူတွေ မရောက်နိုင်ပါဘူး။ မီးသတ်က ရှေ့ဆုံးက ရောက်နေကြပါပြီ။ ဒါက ကိုယ့်ရဲ့အရပ်ထဲမှာဖြစ်တဲ့ဟာ အရန်မီးသတ်တွေ ယူနီဖောင်းဝတ်တွေနဲ့ သစ်ပင်တွေ ရှင်းလင်းနေတာတွေ့ရတဲ့အခါ စိတ်ထဲမှာ အင်မတန်ပဲ ကြည့်နူးရပါတယ်။ စည်ပင်အနေနဲ့ကတော့ သတင်းကို အရင်ရှာရပါတယ်။ ဆက်သွယ်ရေးစနစ်က မီးသတ်လောက် မဖြန့်ကြက်နိုင်တဲ့အတွက် နောက်ပိုင်းရှင်းလင်းရေးလုပ်ငန်းကိုပဲ အဓိကလုပ်ရ ပါတယ်။ ဒီလောက်အရေးကြီးတဲ့ ဌာနတစ်ခုရဲ့ အင်မတန်မှ လိုအပ်တဲ့ မီးသတ်ယာဉ်ကို လှူဒါန်းတဲ့ အလှူဟာ အင်မတန် မွန်မြတ်တဲ့အလှူဖြစ်ပါတယ်။ ဒါကြောင့် အလှူရှင်များကို မန္တလေးမြို့ကိုယ်စား ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

 ဆက်လက်၍ အလှူရှင်များကိုယ်စား မိသားစုဝင် မချယ်ရီမို့မို့သိန်းက မီးငြှိမ်းသတ်ယာဉ် လှူဒါန်းရခြင်းအကြောင်းမှာ အများပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို အချိန်မီ ကာကွယ်နိုင်ရေးအတွက် လှူဒါန်းရခြင်းဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်သမ္မတက ဦးဆောင် ပြီး ဆောင်ရွက်နေတဲ့ကာလမှာ မီးဘေးအန္တရာယ်ဟာ “သူခိုးခိုးလို့မကုန်၊ မီးခိုးလို့ကုန်”ဆိုသကဲ့သို့ အကြီးမားဆုံး ရန်သူထဲမှာ ပါဝင်နေပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ မိသားစုက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းသာယာရေးတို့အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်နိုင်ရန်အတွက်သာမက မီးသတ် တပ်ဖွဲ့ဝင်များအား လေးစားဂုဏ်ပြုသောအားဖြင့် လှူဒါန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 ထို့နောက် မီးငြှိမ်းသတ်ယာဉ် အလှူရှင် ဦးအောင်သောင်း+ဒေါ်စန်းစန်းနွယ် မိသားစု “ဟိန်းထက်မိုး”ကျောက်မျက်ကုမ္ပဏီက မီးငြှိမ်းသတ်ယာဉ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်သည်။

 ယင်းနောက် မြို့တော်ဝန်နှင့် တက်ရောက်လာကြသူများက လှူဒါန်းထားသော မီးငြှိမ်းသတ်ယာဉ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

 အဆိုပါ မီးငြှိမ်းသတ်ယာဉ်သည် Hino ယာဉ်အမျိုးအစားဖြစ်ပြီး တန်ဖိုးငွေကျပ် ၂၈၅ သိန်းခန့် အကုန်အကျခံ လှူဒါန်းခဲ့သည်။

 အခမ်းအနားသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး စသည့် ရည်မှန်းချက် တာဝန်ကြီး (၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလ အထိ မီးလောင်မှုအကြိမ် (၈၆)ကြိမ်၊ ဆုံးရှုံးမှုတန်ဖိုးငွေကျပ် (၈၃ ဒသမ ၁၃၃)သန်းခန့် ဆုံးရှုံးခဲ့သည်။ တိုင်းဒေသကြီးအတွင်း ခရိုင်မီးသတ်စခန်း (၇)ခု၊ မြို့နယ်မီးသတ်စခန်း(၂၈)ခု၊ နယ်မြေမီးသတ်စခန်း(၆၄)ခုရှိပြီး သန္ဓေတပ်ဖွဲ့ဝင်(၁၀၁၉)ဦး၊အရန်တပ်ဖွဲ့ဝင်(၃၅၃၄၀)ဦး၊ သီးသန့်မီးသတ် တပ်ဖွဲ့ဝင်(၂၁၇၄)ဦး ဖြင့် မီးဘေးလုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည်။