၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၉ရက်

 မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ၂၀၁၉ ခုနှစ်၊ မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော် ကျင်းပရေး(ပထမအကြိမ်)ညှိနှိုင်း အစည်းအဝေး ကို ဇန်နဝါရီလ ၉ ရက် ညနေ ၃ နာရီခွဲက  မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီနာယက မန္တလေးမြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာရဲလွင်၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယ မြို့တော်ဝန် ဦးရဲမွန်၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် ဌာနမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 ယခုနှစ် မဟာသင်္ကြန်သည် အစိုးရသစ်လက်ထက်မှာ စတုတ္ထအကြိမ်မြောက် ကျင်းပခွင့်ရခြင်းဖြစ်ကြောင်း၊ ပထမဆုံးအကြိမ်၌ ဆွမ်းဆန်စိမ်းလောင်း လှူပွဲ၊ ဒုတိယနှစ်မှာ လမ်းလျှောက်သင်္ကြန်၊ မနှစ်ကတော့ လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်များကို ကျင်းပခဲ့ပါကြောင်း၊ ယခုနှစ်တွင် လမ်းလျှောက် သင်္ကြန်၊ တောသင်္ကြန်များအပြင် ပြည်ထောင်စုသင်္ကြန်ကို တိုးချဲ့ကျင်းပသွားမှာဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုး များ၏ ရိုးရာယဉ်ကျေးမှုအကအလှများ ဖြင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ အင်မတန် ကောင်းမွန်တဲ့ အစဉ် အလာကောင်းများကို ထိန်းသိမ်းကာ လုပ်ငန်းများ အဆင်ပြေချောမွေ့အောင် အားလုံးညှိနှိုင်းပေါင်းစပ်၍ ယမန်နှစ်က အားသာချက်၊ အားနည်းချက်တွေကို ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် မြို့တော်ဝန်က အဖွင့်အမှာစကား ပြောကြားသည်။

 ဆက်လက်၍ မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရေးနှင့် ရေပက်မဏ္ဍပ်များ ဆောက်လုပ်ရေးဆပ်ကော်မတီ၊ မဏ္ဍပ်များ၊ ယာဉ်အပ်နှံစခန်း များ၊ ဈေးဆိုင်များ နေရာချထားရေးဆပ်ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီ၊ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားပြင်ဆင်ရေးဆပ် ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ သယ်သူပို့ဆောင်ရေးဆပ်ကော်မတီ၊ ဖျော်ဖြေရေးနှင့် ပြန်ကြားရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီ အသီးသီးတို့မှ မိမိတို့ ဆပ်ကော်မတီအလိုက် ဆောင်ရွက်သွားရမည့် လုပ်ငန်း တာဝန်များကို ရှင်းလင်းတင်ပြကြသည်။

 ထို့နောက် တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များ အကြံပြုဆွေးနွေးတင်ပြကြပြီးနောက် မြို့တော်ဝန်က နိဂုံးချုပ်အမှာစကားပြောကြား သည်။

 ၂၀၁၉ ခုနှစ်၊ မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်၊ တိုင်းရင်းသားသင်္ကြန်များကို ကျုံးပတ်လည်တွင်လည်းကောင်း၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်း၊ မနော်ရမ္မံ လူထုနေရာတွင် တိုင်းရင်းသားရိုးရာကပွဲများ၊ သံချပ်ပြိုင်ပွဲနှင့် ယိမ်းအကအလှပြိုင်ပွဲများကို ထည့်သွင်း ကျင်းပသွားရန် စီစဉ်ဆောင်ရွက်ထားပြီး မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၌ နိုင်ငံကျော်တေးသံရှင်များက ဧည့်ခံဖျော်ဖြေသွားမည်ဖြစ်သည်။