၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်

 မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ (၁၇)ကြိမ်မြောက် မြို့တော်ဝန်ဖလားဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ပြိုင်ပွဲ ဆုပေးပွဲအခမ်း အနားကို ယနေ့ မွန်းလွဲ ၁ နာရီက ချမ်းမြသာစည်မြို့နယ်၊ မန္တလေးလူထုအပန်းဖြေဥယျာဉ်ရှိ  ကန်တော်ကြီးမင်္ဂလာခန်းမ၌ ကျင်းပသည်။

 အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီး၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ မြို့တော်ဝန် ဒေါက်တာရဲလွင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်း၊ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း၊ ၎င်းတို့ဇနီးများ၊ ကော်မတီဝင်များနှင့် ဌာနမှူးများ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ အကဲဖြတ်ဒိုင်လူကြီးများ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပါဝင်ယှဉ်ပြိုင်ကြသော စိုက်ပျိုးရေးပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ မြို့တော်စည်ပင်ဌာနအသီးသီးမှ ဝန်ထမ်း များတက်ရောက်ကြပါသည်။

 ရှေးဦးစွာ မြို့တော်ဝန်က ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ပြိုင်ပွဲကို မန္တလေးမြို့တွင် ကျင်းပခဲ့သည်မှာ (၁၇)ကြိမ်မြောက် ရောက်ရှိသွားပြီ ဖြစ်ကြောင်း၊ မန္တလေးမြို့တော်စိန်းလန်းစိုပြည်သာာယာလှပေရေးလုပ်ငန်းများတွင် ပြည်သူလူထုစိတ်ပါလက်ပါဖြင့် ဝင်ရောက်ပူးပေါင်းပါဝင်ဆောင်ရွက် လာစေရန်၊ အိမ်တိုင်းအိမ်တိုင်း စိန်းလမ်းစိုပြည်ရေးဆောင်ရွက်ခြင်းဖြင့် မန္တလေးမြို့တော်အား (Green City) ဥယျာဉ်မြို့တော်အဖြစ် တည်ဆောက်ရာတွင် အထောက်အကူဖြစ်လာစေရန်၊ အဆင့်မြှင့်စိုက်ပျိုးနည်းပညာရပ်များ ဖလှယ်နိုင်စေရန်၊ မျိုးကောင်းမျိုးသန့်များ ပြန်ပွားလာစေရန်၊ အိမ်တိုင်းအိမ်တိုင်း စိုက်ပျိုး ခြင်းမှသည် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်ဆိုတဲ့ ရည်ရွယ်ချက်(၅)ရပ်နဲ့ ကျင်းပ ခြင်းဖြစ်ကြောင်း၊ ယခုနှစ်တွင် ပညာပေးပြခန်း ၁၈ ခန်းမှာ ဌာနဆိုင်ရာများက ၁၂ ခန်း၊ ပုဂ္ဂလိက ( ၆ )ခန်းတို့ ဖွင့်လှစ်ပြသထားပြီး ပြခန်းအလိုက် ရည်ရွယ်ချက် ကိုယ်စီနှင့်ပြသထားသည်ကို လေ့လာကြည့်ရှုမှာဖြစ်ကြောင်း၊ ပြည်သူများစိတ်ဝင်စားဖွင့်လာရောက်ကြည့်ရှုနိုင်စေရန် ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံ များ၊ ပန်းမန်ပြပွဲ၊ပြိုင်ပွဲ ၂၃ မျိုး စီစဉ်ထားရှိကြောင်း၊

 ဆုချီးမြှင့်မှုအနေနဲ့ ပထမဆု ငွေကျပ် နှစ်သိန်း၊ ဒုတိယဆု တစ်သိန်းငါးသောင်း၊ တတိယဆု ငွေကျပ် တစ်သိန်းနှင့် နှစ်သိမ့်ဆုတစ်ဆုလျှင် ငွေကျပ် သုံးသောင်းချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်များသာမက မကွေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် နေပြည်တော်တို့မှ စိုက်ပျိုးရေးလုပ်ငန်းရှင်များ လာရောက်ယှဉ်ပြိုင်ကြကြောင်း သိရှိရပြီး ပန်းမန်ပြိုပ်ပွဲ၌ ၁၃ မျိုး၊ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်ပြိုင်ပွဲတွင် ၁ဝ မျိုး၊ အမျိုးအစားခွဲခြားပြီး ယှဉ်ပြိုင်ကြရာ ယမန်နှစ်ကထက် ပိုမိုကောင်းမွန်သည့်မျိုးကောင်းမျိုးသန့်များဖြင့် ဝင်ရောက်ယှဉ်ပြိုင် လာကြသည်ကို အားရဖွင့်တွေ့ရပါကြောင်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့တော်စိန်းလန်းစိုပြည်သာယာလှပရေးလုပ်ငန်းများ အပြင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူများအနေဖြင့် ပါဝင်ပူးပေါင်းကြစေလိုကြောင်းနှင့် (၁၇) ကြိမ်မြောက် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကြီးဖြစ်မြောက်အောင် ဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ ပျိုးဥယျာဉ်လုပ်ငန်းရှင်များ၊ အကဲဖြတ်အမှတ်ပေးကြသော ဒိုင်အဖွဲ့ဝင်များအား အထုးပင်ကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။

 ဆက်လက်၍ ဆုချီးမြှင့်ရေးဆပ်ကော်မတီဥက္ကဌ၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးတိုးဝေက ယခုနှစ်တွင် ဒေသအသီးသီးမှ ပြိုင်ပွဲဝင်များက ပြိုင်ပွဲဝင်အမျိုးအစား ၂၃ မျိုးကို အမျိုးအစားအလိုက် ၇၅၁ မျိုးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအကဲဖြတ်အမှတ်ပေးပုံအဆင့်ဆင့် အကြောင်းနှင့် ဆုရွေးချယ်မှုအခြေနေများကို ရှင်းလင်းတင်ပြသည်။

 ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် အတွင်းရေးမှူးတို့က ဌာနဆိုင်ရာပြခန်းများကို လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူးက ပုဂ္ဂလိကဆိုင်ရာပြခန်းများကို လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ပေးအပ်ကြသည်။

 ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့်ဇနီး၊ အတွင်းရေးမှူး၏ ဇနီး၊ တွဲဖက်အတွင်းရေးမှူး၏ ဇနီးနှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ မြို့တော်စည်ပင်ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာန ဌာနမှူးတို့က  ပန်းမန်ပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြိုင်ပွဲအသီးသီးတို့၌ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် စိုက်ပျိုးရေးပညာရှင်၊ လုပ်ငန်းရှင်များအား ဆုများကို ပေးအပ်ချီးမြှင့်ကြသည်။

 ဆက်လက်၍ မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြိုင်ပွဲ ၂၃ မျိုး တွင် အမျိုးအစားရှစ်မျိုးဖြင့် ပထမဆု လေးဆု၊ ဒုတိယဆု လေးဆု၊ တတိယဆု တစ်ဆု၊ နှစ်သိမ့်ဆု နှစ်ဆု စုစုပေါင်း ၁၁ ဆု ရရှိသော ဦးမြှင့်နိုင် (ရွှေပွင့်ပျိုးခြံ)အား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားပြီးဆုံးသည်။