၂ဝ၁၉ ခုနှစ် မေလ ၁၃ ရက်

 မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဆက်စက်လုပ်ကိုင်ရသည့် ငွေပေးချေမှုစနစ်သစ် စတင်ပြောင်းလဲရန် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီပိုင်ရတနာပုံဘဏ်နှင့် 2C2P တို့ မေလ ၂၃ ရက် မွန်းလွဲ ၂ နာရီက နားလည်မှုစချွန်လွှာ MoU လက်မှတ်ရေးထိုးခဲ့ကြသည်။

 အဆိုပါလက်မှတ်ရေးထိုးပွဲကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပြီး ရတနာပုံဘဏ်ဥက္ကဋ္ဌ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် 2C2P တည်ထောင်သူ CEO ဦးအောင်ကျော်မိုးတို့က စာချွန်လွှာတွင် လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ကြသည်။

 အဆိုပါ နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာရဲလွင်၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတွဲဖက် အတွင်းရေးမှူး ဦးသက်နိုင်ထွန်းနှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာ ဌာနမှူးများ၊ ရတနာပုံဘဏ်မှ ဒါရိုက်တာ အဖွဲ့ဝင်များ၊ ဘဏ်မန်နေဂျာနှင့် တာဝန်ရှိသူများ၊ 2C2Pတည်ထောင်သူ CEO ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 2C2P သည်ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၊ ဘဏ်များ၊ အွန်လိုင်းကုန်သွယ်မှု (e-Commerce)၊ မိုဘိုင်းကုန်သွယ်မှု ( m-Commerce) လုပ်ငန်းများနှင့် လက်တွဲလုပ်ကိုင်လျက်ရှိကြောင်း၊ ငွေသားပေးချေမှုအစား ခေတ်နှင့်အညီ အွန်လိုင်းငွေပေးချေမှုကို နိုင်ငံတကာသုံး Visa၊ Master Card၊ Union Pay၊ JCB၊ American Express နှင့် Diners / Dioscovery ကတ်များကို လက်ခံသုံးစွဲနိုင်စေရန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် MPU ကတ်များကို လက်ခံသုံးစွဲနိုင်စေရန် ဝန်ဆောင်မှုပေးလျက်ရှိပြီး အရှေ့တောင်အာရှဒေသအတွင်း နိုင်ငံတကာငွေကြေးဝန်ဆောင်မှု အဖွဲ့အစည်းများတွင် ဦးဆောင်သူအဖြစ် အသိအမှတ်ပြုခံနေရသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

 “Mandalay Smart Pay လို့ အမည်ပေးထားတဲ့ Digital Wallet ဆိုတာ Bank Account မရှိရင်တောင် Cashကို Deposit လုပ်ထားလို့ရတယ်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ပြည်သူတွေဆီက အခွန်အခတွေ ကောက်ရတယ်၊ စည်ပင်သာယာပိုင် ရတနာပုံဘဏ်ရှိတယ်၊ Digital Wallet ရရင် စည်ပင်ကိုပေးသွင်းရမယ့် အခွန်အခတွေအပါအဝင် ငွေပေးသွင်းမှုတွေကို ပိုမိုမြန်ဆန်အောင် QR Code or Bar Code ပါတဲ့ နို့တစ်စာရွက်ပဲ ပေးတော့မှဆိုတော့ ဖုန်းနဲ့ Scan လုပ်ပြီးငွေပေးချေရုံပါပဲ၊ ဘဏ်သွားသွင်းစရာမလိုတော့လို့ ဘဏ်ဖွင့်ချိန်မှာပဲ ပေးရတာ၊ ၂၄ နာရီ ကြိုက်တဲ့အချိန်မှာ ပေးသွင်းနိုင်တာ၊ ငွေအတိအကျပေးချေနိုင်တာ၊ အခွန်အခတွေအပြည့်အဝကောက်ခံနိုင်တာနဲ့ ဝန်ထမ်းအင်အားလျှော့ချနိုင်မှာတွေက အားသာချက်တွေပါ၊ Smart Phone တွေနဲ့ အကျွမ်းတဝင်ရှိပြီးသား မြို့တော်သားတွေအတွက် အခက်အခဲမရှိနိုင်သလို၊ အင်မတန်စိတ်ချရတဲ့ ကုမ္ပဏီမို့ ဟက်ကာတွေရဲ့ ရန်ကလည်းရှိမှာမဟုတ်ပါဘူး၊ 2C2Pဆိုတာမြန်မာနိုင်ငံသား ကိုယ်တိုင်ပိုင်တဲ့ ကုမ္ပဏီပါ၊ ထိုင်းနိုင်ငံရဲ့ Payment Card ရဲ့ ၉၀ ရာခိုင်နှုန်းက 2C2P အခြေခံပြီးလုပ်တယ်၊ ငွေကြေးတစ်စုံတစ်ရာမယူဘဲ စေတနာသန့်သန့်နဲ့ မြန်မာနိုင်ငံကို ကူညီချင်တဲ့စိတ်အသိနဲ့လာကူညီတာ၊ Smart City ဖြစ်လာဖို့ အခြေခံတစ်ခုဖြစ်တဲ့ Mandalay Smart Pay ကို မကြာခင် အကောင်အထည်ပေါ်လာမှာပါ” ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

 2C2P သည် Myanmar Payment Union (MPU) နှင့် လက်တွဲ၍ Online ပေါ်မှ ငွေပေးချေမှုများကို လက်ခံပေးသည့် အမျိုးသားအဆင့် e-Commerce Payment Gateway ကိုတည်ဆောက်ပေးခဲ့ပြီး ယခုအခါ တွင်ကျယ်စွာ အသုံးပြုနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း Myanmar Payment Union (MPU)၊ မြန်မာ့စာတိုက်လုပ်ငန်း၊ မြန်မာအမျိုးသားလေကြောင်းလိုင်း၊ ကမ္ဘောဇလေကြောင်းလိုင်း၊ Nok Air ၊ Air Asia ၊ ကမ္ဘောဇဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ တယ်လီနော စသည့်လုပ်ငန်းများအတွက် ဝန်ဆောင်မှုပေးနေကြောင်း၊ စင်္ကာပူနိုင်ငံတွင် ရုံးချုပ်ထားရှိပြီး မြန်မာ၊ အမေရိကန်၊ ထိုင်းအပါအဝင် နိုင်ငံ ၁၂ နိုင်ငံတွင် ရုံးခွဲများရှိကြောင်းသိရသည်။