၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်

 မန္တလေးမြို့တွင် ရောက်ရှိနေသော ဘူတန်နိုင်ငံဘုရင်မင်းမြတ်၏ ဒွေးတော်ဖြစ်သူ ယခင်ဘူတန်၏ ပထမြောက်မိဖုရား Her Majesty the Queen Mother Ashi Dorji Wang Cheuk ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်သည်။

 ထို့နောက် ဘူတန်နိုင်ငံ ဘုရင်မင်းမြတ်၏ဒွေးတော်သည် မဟာမုနိရုပ်ရှင်တော်မြတ် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး မဟာမုနိဂေါပကအဖွဲ့ဥက္ကဌ ဦးစိုးလင်းက ဗုဒ္ဓရုပ်ပွားတော်အား အမှတ်တရ လက်ဆောင်ပေးအပ်သည်။  ဧည့်သည်တော်အဖွဲ့သည် ဘုရားတောင်ဘက် ရင်ပြင်တော်၌ ဆီမီးများ ထွန်းညှိပူဇော်၍ ကြေးရုပ်ပြတိုက်သို့လေ့လာပြီး မဟာမုနိဘုရားအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုကာ ဘုရားစောင်းတန်းဈေးမှ မြန်မာ့လက်မှုပစ္စည်းများကို ကြည့်ရှုလေ့လာကြသည်။

 ဧည့်သည်တော်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာကြရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူနှင့်တာဝန်ရှိသူများက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ကြသည်။