၂၀၁၇ခုနှစ်၊ သြဂုတ်လ   ၆ ရက်

အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာညီလာခံကို ယနေ့နံနက် ၈နာရီက မန္တလေး၊မဟာအောင်မြေမြို့နယ်၊ ၇၈လမ်း၊ ၃၇လမ်းနှင့်၃၈လမ်းကြားရှိ ဟိုတယ် (မန္တလေး)ခန်းမတွင် ကျင်းပသည်။

 အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့(သုဓမ္မာ)ဆရာတော်ကြီးနှင့်အကျိုးတော်ဆောင်ဆရာတော်များ၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓ တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များ၊ ကမ္ဘာ့နိုင်ငံများမှ ဗုဒ္ဓဘာသာအဖွဲ့အစည်းများ၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးမြတ်သူ နှင့် တိုင်းဒေသကြီးသာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးမြို့မှ ဘာသာရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

 ရှေးဦးစွာ ဓမ္မဓရ ဒေါက်တာအရှင်ကုမာရမှ ညီလာခံဖယောင်းတိုင် ထွန်းညှိပူဇော်၍ အခမ်းအနားဖွင့်လှစ်ပေးပြီး အပြည်ပြည်ဆိုင်ရာဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသက အဖွင့်သြဝါဒကထာ မြွက်ကြားသည်။

 ထို့နောက် ညီလာခံဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး ဒေါက်တာခင်မောင်ကြည်(ဓမ္မဒီပ)က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ထိုင်းနိုင်ငံ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ Dr.Tavivat က အမှာစကားပြောကြားကာ တက်ရောက်လာကြသော ဆရာတော်ကြီးများ၊ ကမ္ဘာ့နိုင်ငံများမှ ဗုဒ္ဓဘာသာအဖွဲ့များ၊ တိုင်းဒေသကြီးဝန်ကြီးနှင့်သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ညီလာခံအမှတ်တရ ဓာတ်ပုံရိုက်ကူးကြသည်။

 ဆက်လက်၍ နံနက် ၉နာရီတွင် တက်ရောက်လာသော ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မလေးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဘူတန်၊ သြစတြေးလျ၊ အမေရိကန်၊ တရုတ်၊ ကိုရီးယား၊ စက်ကာပူနိုင်ငံများမှ ဆရာတော်များ၊ ဗုဒ္ဓဘာသာအဖွဲ့အစည်းများက ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေး ဆိုင်ရာ စာတမ်းများ ဖတ်ကြားဆွေးနွေးခဲ့ကြပါသည်။