၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်

 ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ကြီးမှူး၍ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်)တို့ ပူးပေါင်းဖွင့်လှစ်သည့် Asean National Trainer သင်တန်းအမှတ်စဉ်(၂/၂၀၁၈) သင်တန်းဆင်းပွဲကို ၆၇ လမ်း၊ ၃၂လ မ်းနှင့်၃၃လမ်းကြား Hotel Sakura Princess ၌ ကျင်းပသည်။

 အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ရွှေ၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း(မန္တလးဇုန်)ဥက္ကဌ ဦးမင်းနိုင်၊ မြန်မာ့ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ ဧည့်လမ်းညွှန်အသင်း၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များအသင်းတို့မှ တာဝန်ရှိသူများ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 “မြန်မာ့ခရီးသွားနှစ်လို့ကြေညာပြီးလုပ်ခဲ့တယ်၊ ထင်သလောက်ခရီးမပေါက်ခဲ့ပါဘူး၊ လေ့ကျင့်ပြီးသားလူ့စွမ်းအားအရင်းအမြစ် ဟိုတယ်နဲ့ပတ်သက်လို့ စီမံအုပ်ချုပ်မှုအတတ်ပညာ၊ ဟိုတယ်မှာ ဧည့်ကြိုကအစ ဝိတ်တာအဆုံး၊ လေ့ကျင့်သင်ကြားပေးထားတဲ့ အရည်အသွေးပြည့်လုပ်သားတွေမရှိတာနဲ့ နိုင်ငံတကာဖိအားပေးမှုတွေပေါင်းပြီး လုပ်ငန်းမအောင်မြင်ခဲ့ပါဘူး၊ ဒီနေ့ဒီအချိန်မှာ ဒီမိုကရေစီအစိုးရဖြစ်လာပြီး ဖက်ဒရယ်မူနဲ့ သွားမယ်လို့ ကြွေးကြော်ပြီး လုပ်လာတဲ့အခါမှာ လုပ်ငန်းရှင်တွေအပိုင်းကလည်း တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်လာတာတွေ့ရသလို တာဝန်ရှိတဲ့အစိုးရအဖွဲ့အစည်းအသီးသီးက လည်း အင်နဲ့အားနဲ့ ပူးပေါင်းဆောင်ရွက်လာတာတွေ့ရပါတယ်၊ လူတစ်ဦးချင်းရဲ့အရည်အသွေးကိုသူများပြောဆိုတာနဲ့စာရင် ကိုယ့်ဘာသာကိုယ် လေ့လာဆန်းစစ်ပြီး ကိုယ့်အရည်အသွေးတောက်ပြောင်လာအောင်လုပ်တာ အကောင်းဆုံးနည်းပါ’’ ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက အဖွင့်အမှာစကားတွင်ပြောကြားသည်။

 သင်တန်းသို့ ဟိုတယ်များနှင့်လုပ်ငန်းနယ်ပယ်အသီးသီးမှ ကျွမ်းကျင်ဝန်ထမ်းများမွေးထုတ်ရန်နှင့် အဆင့်မြင့်ဝန်ဆောင်မှု ဝန်ထမ်းများပေါ်ထွန်းလာစေရန် အတွက် ရည်ရွယ်သည်။

 ဆက်လက်၍ ဟိုတယ်လုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်) ဥက္ကဌက “မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဇုန် ၁၉ ဇုန်ဖြင့် စုပေါင်းဖွဲ့စည်းထားကြောင်း၊ ဟိုတယ်လုပ်ငန်းရှင်များအသင်းအနေဖြင့် ဟိုတယ်များအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ကောင်းမွန်သည့်အချက်များနှင့် လူထုအကျိုးပြုစိတ်ဖြင့် လုပ်ဆောင်သွားပါက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာပြီး တိုင်းပြည်အတွက်အကျိုးရှိသည့် အထောက်အကူပြုလုပ်ငန်းဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း’’ ပြောကြားပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူနှင့် တာဝန်ရှိသူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။