၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်

 မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မန္တလေးချမ်းအေးသာစံမြို့နယ် လမ်း၃၀ရှိ ဗထူးအားကစားကွင်း၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမြတ်သူ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

 ထို့နောက် ခရိုင် ၇ ခရိုင်မှ ပြိုင်ပွဲဝင်အမျိုးသမီး ၇ သင်းမှ အားကစားသမားများက အားကစား သစ္စာအဓိဌာန် ရွတ်ဆိုကြသည်။

 ယင်းနောက် တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးသည် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်၊ အားကာ သိပ္ပံကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မန္တလေးခရိုင် အသင်းနှင့် ကျောက်ဆည်ခရိုင်အသင်းတို့၏ ပထမပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

 ယင်းပွဲစဉ်တွင် မန္တလေးခရိုင်အသင်းက ၂ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားပြီး အဆိုပါပြိုင်ပွဲတွင် အုပ်စု(က)၌ မန္တလေးခရိုင်၊ မိတ္ထီလာခရိုင်နှင့် ကျောက်ဆည် ခရိုင်အသင်းအုပ်စု(ခ)တွင် ညောင်ဦးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မြင်းခြံခရိုင်နှင့် ရမည်းသင်းခရိုင်အသင်းတို့ ပါဝင်ကြကာ ပြိုင်ပွဲကို ယနေ့မှ ဇန်နဝါရီ ၁၆ ရက် အထိ ဆက်လက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။