၂၀၁၇ ခုနှစ် နိုဝင်ဘာ ၃၀ ရက်

  SME လုပ်ငန်းရှင်များ၏ လုပ်ငန်းလိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြဆွေးနွေးနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ SME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်ရှိ ကနောင်ခန်းမတွင် နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီခွဲက ကျင်းပသည်။

 ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လှက နှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် မန္တလေးတိုင်းဒေသကြီး စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနေဝင်းက SME လုပ်ငန်းရှင်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေး သည်။

 ဆက်လက်၍ တက်ရောက်လာသော မြင်းခြံ၊ မိတ္ထီလာ၊ ရမည်းသင်းနှင့် မန္တလေးတို့မှ SME လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းရာ သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားသည်။

 အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော ဦးဇာနည်အောင်၊ ဦးမျိုးသစ်၊ ဦးမြတ်သူနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ မြင်းခြံ၊ မိတ္ထီလာ၊ ရမည်းသင်းနှင့် မန္တလေး တို့မှ SME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။