၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်

 ၂၀၁၆ ခုနှစ် မန္တလေးတိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီက ကြီးမှူးကျင်းပသော ၄ ပေ ၉ လက်မအောက် သက်ငယ်တန်း လူငယ်ဘောလုံး ပြိုင်ပွဲ၊ ဗိုလ်လုပွဲကို ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းက မန္တလေးမြို့ ရွှေမန်းတောင်အားကစားကွင်းတွင် ဇာတိမာန်(မန္တလေး)အသင်းနှင့် (ထ)ခွဲ မြို့သစ်(မတ္တရာ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဇာတိမာန်(မန္တလေး)အသင်းက သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။

 အကြိုဗိုလ်လုပွဲတို့တွင် ဇာတိမာန်(မန္တလေး)အသင်းက အရိပ်စစ်အသင်းကို နှစ်ဂိုး၊ ဂိုးမရှိနှင့် (ထ)ခွဲ မြို့သစ်(မတ္တရာ)အသင်းက မျိုးဆက်သစ် အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိကြပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြရာ ဗိုလ်လုပွဲ ပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်း သားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၊ အား/ကာသိပ္ပံကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေဇင်၊ တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်မေမြတ်နွယ်၊ ဒုတိယဥက္ကဋ္ဌ ဦးစိန်ဝင်းကြီးနှင့် ဘောလုံး အားကစား ဝါသနာရှင်များ တက်ရောက်အားပေးကြသည်။

 ပြိုင်ပွဲအပြီး ဆုများချီးမြှင့်ရာ ဒုတိယဆုရ (ထ)ခွဲ မြို့သစ်(မတ္တရာ)အသင်းအား တစ်ဦးချင်းဆုများကို အား/ကာသိပ္ပံကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးဦးမျိုးမြင့်အောင်ကလည်းကောင်း၊ ပထမဆုရ ဇာတိမာန်(မန္တလေး)အသင်းအား မန္တလေးတိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌကလည်း ကောင်း ချီးမြှင့်ကြသည်။ ထို့နောက် ဒုတိယဆုရ (ထ)ခွဲ မြို့သစ်အသင်းအား ဆုငွေကျပ် သုံးသိန်း၊ ပထမဗိုလ်စွဲသည့် ဇာတိမာန်(မန္တလေး)အသင်း အား ဆုငွေကျပ် ငါးသိန်းနှင့် ပထမတံခွန်စိုက်ဆုဖလားကို မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ချီးမြှင့်ပေး ခဲ့သည်။