၂၀၁၇ ခုနှစ် မတ်လ ၄ ရက်

 ရပ်ကွက်ပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရန်နှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးတွင် အသုံးပြုရန် ရည်ရွယ်၍ တည်ဆောက်ထားသည့် ရေစင်ဖွင့်လှစ်ခြင်း အခမ်းအနားကို မတ်လ ၄ ရက် နံနက် ၁၀ နာရီက ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီ အကွက်(၆၂၆)၊ ဦးဖိုးသာဝင်းအတွင်း၌ ကျင်းပသည်။

 အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးနိုင်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇေယျ၊ ဦးဖိုးသာဝင်းဓမ္မရုံ ဂေါပက ဥက္ကဋ္ဌ ဦးကြည်လေးတို့က ရေစင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ရွှေမိုး၊ ငွေမိုးများ ရွာသွန်းကြသည်။

 ဦးဖိုးသာဝင်းဓမ္မာရုံဂေါပကအဖွဲ့ဝင် ဦးတင်မောင်က “ရပ်ကွက်သူ၊ ရပ်ကွက်သားများ သောက်သုံးရေ ဖူလုံစွာရရှိစေရန်နှင့် မီးရေးထင်းရေးတွင် အသုံးပြုနိုင်ရန်အတွက် ယခုကဲ့သို့ အများလှူဒါန်းငွေဖြင့် တည်ဆောက်ရခြင်းဖြစ်ပါတယ်။ ရေစင်အတွက် ပါဝင်လှူဒါန်းကြသူများနဲ့ ဖွင့်ပွဲကို ချီးမြှင့်ပေးပါတဲ့ အစိုးရအဖွဲ့မှ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိပါတယ်” ဟု ပြောကြားသည်။

 အသက် ၆၈ နှစ်အရွယ်ရှိ ဒေါ်အုန်းတင်ကလည်း မိမိအနေဖြင့် “ဒီနေ့ကို အရမ်းပျော်ရွှင်မိပါတယ်။ အရင်ကဆို ရေကို နေ့စဉ်ဝယ်သုံးနေရတာလေ။ အခုတော့ အချိန်မရွေးရေယူလို့ရတယ်။ ဒီရေစင်ကြီးဆောက်တာ ရပ်ကွက်အတွက် အကျိုးရှိပါတယ်။ မီးဘေးအတွက်လည်း မစိုးရိမ်ရတော့ဘူး။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်” ဟု ၎င်းကပြောပြခဲ့သည်။

 “အဆိုပါ ရေစင်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှာ ပြီးစီးအောင်မြင်ခဲ့ပါတယ်။ ပေ ၃၅၀ ရှိ နှစ်လက်မ အဝီစိတွင်းပါ ရေစင်အမြင့်က ၁၆ ပေ ရှိပါတယ်။ ရေကန်က ခုနှစ်ပေရှိပြီး မြေအောက်ရေလှောင်ကန်က ဂါလန် သုံးထောင်၊ အပေါ်ရေကန်က ရေဂါလန်သုံးထောင်၊ ပေါင်း ရေဂါလန် ခြောက်ထောင် ဆံ့ပါတယ်။ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ စုပေါင်းထည့်ဝင် လှူဒါန်းငွေနဲ့ ဆောင်ရွက်တာပါ။ စုစုပေါင်း ငွေကျပ် (၆၆)သိန်းကျော် ကုန်ကျပါတယ်” ဟု အဆိုပါ ဂေါပကအဖွဲ့ဝင်က ဆက်လက်ပြောပြခဲ့သည်။

 ရေစင်ဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဟန်နှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ရပ်ကွက် ပြည်သူများ တက်ရောက်ကြသည်။