၂၀၁၇ ခုနှစ်၊ မတ်လ ၁၃ ရက်

 ပြည်ထောင်စုမြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကေးမှုဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်း၍ မြန်မာ-အိန္ဒိယ ယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေး အစီအစဉ်အရ အိန္ဒိယ အရှေ့မြောက်ဒေသ၊ မဏိပူရပြည်နယ် Mutua Museum မှ ရိုးရာလက်မှုပညာ ဝါးခြင်းအလှ ပြပွဲ ဖွင့်ပွဲကို မတ် ၁၃ ရက် နံနက် ၉ နာရီက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ငုရွှေဝါလမ်းထောင့်ရှိ မြန်မာသတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းကျော်ဇော၊ မန္တလေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သီတာဝင်း၊ မန္တလေးမြို့ရုံးစိုက် အိန္ဒိယသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး တာဝန်ခံ ကောင်စစ်ဝန်ချုပ် Mr.Vipin Sharma နှင့် အိန္ဒိယအရှေ့မြောက်ဒေသ၊ မဏိပူရပြည်နယ် ယဉ်ကျေးမှုစင်တာ လက်မှုအနုပညာဌာနမှူးတို့က ဆီမီးထွန်း၍ ပြပွဲကို ဖွင့်လှစ်ပေးသည်။

 ထို့နောက် မန္တလေးမြို့ရုံးစိုက် အိန္ဒိယသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး တာဝန်ခံ ကောင်စစ်ဝန်ချုပ် Mr.Vipin Sharma က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းကျော်ဇောက မြန်မာ-အိန္ဒိယ ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး ရိုးရာလက်မှုပညာ ဝါးခြင်း အလှပြပွဲ ကျင်းပခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူများ ချစ်ကြည် ရင်းနှီးမှု ခိုင်မာလာစေကြောင်း ဂုဏ်ပြု အမှာစကားပြောကြားသည်။ ထို့နောက် မဏိပူရပြည်နယ် ယဉ်ကျေးမှုစင်တာ လက်မှုအနုပညာ ဌာနမှူးက ပြပွဲကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြော ကြားပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

 ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဧည့်သည်တော်များသည် ခန်းမတွင်း ပြသထားသော မဏိပူရပြည်နယ်မှ ဝါးဖြင့်ရက်လုပ်ထားသော ကျေးလက်သုံး ဝါးခြင်း လက်မှုပစ္စည်းများအား ကြည့်ရှုအားပေးကြသည်။ ပြပွဲကို မတ် ၁၃ ရက်နှင့် ၁၄ ရက်များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြသသွားမည်ဖြစ်သည်။