၂၀၁၇ ခုနှစ်၊ မတ်လ ၁၅ ရက်

 ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ် ၁၅ ရက် နံနက် ၈ နာရီက မန္တလေးမြို့တော်ခန်းမတွင် ကျင်းပသည်။

 အခမ်းအနာသို့ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းကျော်ဇော၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးရေးမှူးချုပ် ဦးလှမော်ဦး၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်း၊ အသင်းအဖွဲ့များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဖိတ် ကြားထားသူများ တက်ရောက်ကြသည်။

 အစီအစဉ်အရ တိုင်းရင်းသားရေးရာဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် USAID မှ Senior Manager Ms.Gladys Villacorta တို့က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

 ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးရေးမှူးချုပ်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးတို့က အဖွင့်အမှာစကားများ ပြောကြားကြပြီး USAID မှ Senior Manager Ms.Gladys Villacorta က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက် နေသည့်လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များအကြောင်းကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားပြီး စားသုံးသူအကာအကွယ် ပေးရေး ဗဟိုကော်မတီအဖွဲ့ဝင် ပါမောက္ခ ဒေါက်တာ အောင်မြင့်က စားသုံးသူအကာအ ကွယ်ပေးရေးလုပ်ငန်းများနှင့် နိုင်ငံတကာတွင် ဆောင်ရွက် နေမှုအခြေအနေများ၊ စာရေးဆရာ ကျော်ရင်မြင့်က စားသုံးသူရေးရာအကြောင်းကို စားသုံးသူအနေဖြင့်လည်းကောင်း ဟောပြောဆွေးနွေး ကြသည်။

 စားသုံးသူအခွင့်အရေးများတွင် စားသုံးသူများ၏ အခြေခံလိုအပ်ချက်များ ပြည့်စုံစေနိုင်မှု၊ လုံခြုံစိတ်ချစွာဖြင့် ဘေးအန္တရာယ် ကင်းရှင်းစေနိုင်မှု၊ သတင်းအချက်အလက် ပြည့်စုံစွာ ရရှိစေနိုင်မှု၊ လွတ်လပ်စွာ ရွေးချယ်နိုင်စေမှု၊ နစ်နာဆုံးရှုံးမှုများအတွက် ပြောဆိုတင်ပြ ကြားနာစေနိုင်မှု၊ ထိခိုက်နစ်နာမှုများအတွက လျော်ကြေးရပိုင်စေမှု၊ စားသုံးသူရေးရာကိစ္စများနှင့်စပ်လျဉ်း၍ သင်ယူလေ့ လာနိုင်စေမှု၊ ကောင်းမွန်ရှင်သန်နိုင်သော ပတ်ဝန်းကျင် ရရှိစေနိုင်မှုတို့ ပါဝင်သည်။

 ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနား ပထမအကြိမ်ကို ရန်ကုန်မြို့၌ ကျင်းပပြီး ဒုတိယအကြိမ် မန္တလေးမြို့တွင် ကျင်းပကြောင်း၊ စာတမ်းရှင်များက ဆွေးနွေးခြင်းများ ပါဝင်ပြီး ကာတွန်းပြိုင်ပွဲအတွက် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ကြောင်း၊ စားသုံးသူ များနှင့်ပတ်သက်သည့် ဌာနဆိုင်ရာ ပြခန်းများ၊ စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ၊ စားဆီမျိုးစုံ၊ ကျောက်မျက်ရတနာနှင့် အဝတ်အထည်များ ပါဝင်သည့် ပုဂ္ဂလိက လုပ်ငန်း ပြခန်း ၇၀ တို့ဖြင့် မတ် ၁၇ ရက်အထိ ပြသသွားမည်ဖြစ်သည်။