၂၀၁၇ ခုနှစ်၊ ဧပြီလ ၂ ရက်

 မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးနှင့် တိုင်းဒေသကြီး အားကစားဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၁၇ ခုနှစ် နွေရာသီ အခြေခံ အားကစား သင်တန်းဆင်းပွဲကို ဧပြီ ၂ ရက် နံနက် ၇ နာရီခွဲက မန္တလေးမြို့၊ ဗထူးအားကစားကွင်း၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက သင်တန်းဆင်း အမှာစကားပြောကြားကာ သင်တန်းနည်းပြ ဆရာများအား ဂုဏ်ပြုလက်မှတ်နှင့် မန္တလေး ခုနစ်မြို့နယ်မှ အားကစားသင်တန်းသား၊ သင်တန်းသူ ၂၅၀၀ ကိုယ်စား သင်တန်းသား၊ သင်တန်းသူ ကိုယ်စားလှယ် နှစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

 ထို့နောက် အားကစားနည်းအလိုက် သင်တန်းသား၊ သင်တန်းသူများက အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး ဝူရှူးအဖွဲ့၊ ကရာတေးဒိုအဖွဲ့၊ မြန်မာ့သိုင်းအဖွဲ့၊ တိုက်ကွမ်ဒိုအဖွဲ့၊ ဘောလုံး အဖွဲ့၊ ရိုးရာလက်ဝှေ့အဖွဲ့နှင့် ရိုးရာခြင်းအားကစားအဖွဲ့များမှ စုပေါင်း အားကစားသရုပ်ပြကြရာ တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၊ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းနိုင်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဇင်၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်(စီမံ)နှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အားကစားဆပ်ကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဖတ်ကြား ထားသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ၎င်း တို့၏ မိဘများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြပြီး အလှူရှင် များက 100 Plus အချိုရည်ဘူးများ ပေးဝေကြသည်။