၂၀၁၇ခုနှစ် သြဂုတ်လ ၁၂ ရက်

 Project Based Internship Program အောင်မြင်ခြင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးအပ်ခြင်းအခမ်းအနားကို သြဂုတ်လ ၁၂ ရက် မွန်းလွဲ ၁ နာရီက မြန်မာသတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်(MIIT)ကျောင်းတွင် ကျင်းပသည်။

 အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းကျော်ဇောနှင့် မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ ကွန်ပျူတာတက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 “ကျောင်းမှာအောင်တဲ့ ကလေးတွေအကုန်လုံးဟာ အလုပ်အကိုင်ရရှိရေးအတွက် ဆောင်ရွက်ရမယ့်အခြေအနေရှိပါတယ်။ နိုင်ငံတကာမှာ ကွန်ပျူတာ ပညာရှင်များဟာ ထိပ်တန်းမှာလစာအကောင်းဆုံးရရှိခဲ့တဲ့နေရာမျိုးမှာရှိပါတယ်။ ဒီအခြေအနေကို ဖန်တီးပေးဖို့လိုလာပါတယ်။ အရင်တုန်းက အိုင်တီ ပညာရှင်တွေ အနောက်ကနေ နေခဲ့ရတယ်။ သက်ဆိုင်ရာတာဝန်ရှိတဲ့ အစိုးရအသီးသီးဟာ ကွန်ပျူတာကို ယုံကြည်မှုနည်းခဲ့ကြတယ်။

 သင်တန်းတွေဆင်းခဲ့ပြီးသူများ လုပ်ခဲ့တဲ့လုပ်ငန်းတွေကို တိုင်ပင်ဆွေးနွေးပြီး ဘယ်လိုကောင်းအောင်ဆောင်ရွက်ရမလဲဆိုတာကို ညှိနှိုင်းဆွေးနွေးခြင်းဟာ ကိုယ့်ကိုယ်ကိုအတွက်လည်း လူကောင်းလူတော်ဖြစ်မယ်။ နိုင်ငံတော်အတွက်လည်း လူတော်တစ်ယောက်ရရှိသွားမှာ ဖြစ်ပါတယ်။

 ကိုယ့်ရဲ့ပညာရပ်တွေကို အိပ်ပျော်မနေပါစေနဲ့၊ အမြဲတမ်းနိုးကြွနေအောင်လို့ ဆောင်ရွက်ပေးပါ။ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတစ်ခုတည်ဆောက်တဲ့အခါမှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်တဲ့သူတွေဖြစ်လာမှာပါ”ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းကျော်ဇောက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

 မန္တလေးတိုင်းဒေသကြီးအစိုးရ e-Government စနစ် အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းနှင့် မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (မန္တလေး)နှင့် ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)ကျောင်းတို့မှ ဦးစီး၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃၆ ဦး ပါဝင်ဆောင်ရွက်သည်။

 ထို့နောက် မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းဥက္ကဋ္ဌ ဦးဥက္ကာကျော်က သင်တန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ စီးပွားရေးစစ်တမ်းများကို ကြည့်မည်ဆိုပါက ဒီအချိန်ကာလ အစိုးရသက်တမ်းတစ်လျှောက် စီးပွားရေးအခြေအနေသည် ပို၍ ဦးမော့လာကြောင်း၊ စီးပွားရေးကဏ္ဍမြှင့်တင်လာသည် နှင့် ICT ကဏ္ဍလည်းပါမည်ဖြစ်ပြီး ICT HR Resource မှာ အမိတက္ကသိုလ်ကျောင်းတော်ကြီးက မွေးထုတ်ပေးလိုက်သည့် ကျောင်းသား၊ ကျောင်းသူ များသာဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ပါဝင်ရမည့် အခန်းကဏ္ဍကို ရောက်ရှိလာကြောင်း။

 ကျောင်းသား၊ ကျောင်းသူများ အလုပ်အကိုင်ရရှိရေးကဏ္ဍသည် အင်မတန်အရေးကြီးကြောင်း၊ Intership မှရလာသည့် အတွေ့အကြုံများဖြင့် ဘဏ်လုပ်ငန်းများနှင့် အခြားသောလုပ်ငန်းများတွင် IT ပညာရှင်အဖြစ်ရပ်တည်နိုင်အောင် ကြိုးစားစေချင်ကြောင်း ပြောကြားသည်။

 ဆက်လက်၍   မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဒေါ်သီရိခေတ်က ကွန်ပျူတာတက္ကသိုလ်မှ သင်ကြားပေးလိုက်သည့် ဘာသာရပ်များဖြင့် ICTနယ်ပယ်တွင် အသက်မွေးဝမ်းကျောင်းပြုစေလိုကြောင်း၊ Intership Program မျိုး နောက်ထပ်လုပ်ရန် အင်အားများရှိစေချင် ကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့်စိတ်ဖြင့် နှလုံးသားနှင့် အလုပ်လုပ်ချင်သည့် စိတ်များထားရှိကာ လုပ်ကိုင်စေလိုကြောင်း ပြောကြားသည်။

 ထို့နောက် Intership ကျောင်းသား၊ ကျောင်းသူများ ရေးသားထားသော Software Demostration ကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသပေးပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား Intership အောင်မြင်ကြောင်း လက်မှတ် (Certificate) တစ်ဦးချင်းစီ တာဝန်ရှိသူများက ချီးမြှင့်ကြကြောင်း၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ် ဦးကျော်စွာစိုးနှင့် ကျောင်းသားတစ်ဦးတို့ကလည်း ကျေးဇူးတင်စကားပြောကြားကြသည်။