၂၀၁၇ခုနှစ်၊ သြဂုတ်လ ၁၂ ရက်

 မန္တလေးတိုင်းဒေသကြီး e-Mandalay Web Portal အား ဇူလိုင် ၂၀ ရက်က လွှင့်တင်ပြီးနောက်ပိုင်းတွင် Hacker များတိုက်ခိုက်မှုများရှိလာသော်လည်း ယနေ့အထိပျက်စီးသွားခြင်းမရှိဘဲ လုပ်ငန်းများအောင်မြင်စွာ ဆက်လက်ဆောင်ရွက်နေကြောင်း e-Government စနစ်အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောသည်။

 “ပညာတတ်တဲ့လူတန်းစားတော်တော်များများက ပညာနဲ့စမ်းသပ်ကြည့်တဲ့သဘော၊ Web Portal တစ်ခုကို ဘယ်လို Hacker လုပ်လို့ရနိုင်မလဲဆိုတာကို စမ်းသပ်တဲ့သဘောမျိုးနဲ့ ဝင်ရောက်စမ်းသပ်တယ်လို့ပဲ ယူဆပါတယ်၊ အဖျက်လုပ်ငန်းအနေနဲ့ ဝင်ရောက်လုပ်ကိုင်တယ်လို့ မယူဆပါဘူး၊ ရာနဲ့ချီပါသွား ပါပြီ။ Hack တဲ့သူတွေရဲ့ account တွေလည်း အသေးစိတ်ရှိတယ်၊ သိမ်းထားပါတယ် အရေးယူတဲ့အဆင့်တော့ မလုပ်ပါဘူး၊ အဆင့်သုံးဆင့်နဲ့ကာကွယ် ထားတဲ့အတွက်ကြောင့် ဒီကနေ့အထိ ဘာမှမဖြစ်ပါဘူး၊ တင်ပြတာမှန်သမျှ အောင်မြင်စွာနဲ့ ဆောင်ရွက်နေပါတယ်၊ ဒီအစိုးရလက်ထက်မှာ ဘာတွေများ ဆိုက်မှာလုံခြုံမှုဘာတွေလုပ်နိုင်မလဲဆိုတာ စမ်းသပ်တဲ့ သဘောဖြစ်မှာပါ။

 ပညာရှင် Hacker အားလုံးကို ဖိတ်ခေါ်ပါတယ်။ e-Government စီမံကိန်းတစ်ရပ်ကို ဆောင်ရွက်တဲ့နေရာမှာ လာရောက်ပူးပေါင်းဆောင်ရွက်ပေးကြပါ၊ သူတို့တတ်တဲ့ပညာနဲ့ လာရောက်ဆွေးနွေးပေးကြပါ။ တတ်သိပညာအရာရာအတွက် လက်ခံပြီး ဆွေးနွေးပေးပါမယ်”ဟု e-Government စနစ် အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇောက ပြောကြားသည်။

 e-Mandalay Web Portal ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအတွက် ကိုယ်ပိုင် Data Centre မရှိသေးသည့်အတွက် Housting Server များကို တစ်ကမ္ဘာလုံးယုံကြည်စိတ်ချစွာ သုံးစွဲကြသည့် ကမ္ဘာ့အဆင့်မီတည်ဆောက်ထားသော Data Centre မှ မိမိတို့လိုသလောက် ငှားရမ်းအသုံးပြုထားပြီး၊ e-Mandalay Web Portal ရေးသားရန်အတွက် စင်ကာပူရှိ Cloud Server ဖြစ်သော Virtual Private Server (VPS)တစ်လုံးကို အသုံးပြုထားသည်။

 Project Based Internship Program ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားတွင် ဝန်ကြီး ဦးစိုင်းကျော်ဇောက “ဒီကနေ့ e-Mandalay Web Portal တည်ဆောက်လိုက်တယ်၊ Hacker များစွာက လာတိုက်ခိုက်ကြတယ်၊ ပညာရှင်များက အမြဲတမ်းကြည့်ပြီး ပုံစံမျိုးစုံနဲ့ ထိန်းသိမ်းကာကွယ်စောင့်ရှောက် ခဲ့ကြတယ်၊ တချို့တွေကို ဆွေးနွေးခဲ့ကြတယ်၊ နိုင်ငံတော် Project တစ်ခုကို Hacker လုပ်ခြင်းအားဖြင့် ၆၆(ဃ)ထက်ကြီးတဲ့ ပြစ်ဒဏ်ရှိတယ်၊ နိုင်ငံတော်ရဲ့ စီမံကိန်းများကို ဖျက်ဆီးတာ၊ နိုင်ငံတော်ရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းများကို ဖျက်ဆီးတာဟာ ပုဒ်မ ၆(၁)နဲ့ ညီပါတယ်၊ ပုဒ်မ ၆(၁)သည် တစ်သက်တစ်ကျွန်းနဲ့ သေဒဏ်တွေအထိ ပေးလို့ရတဲ့ပြစ်ဒဏ်တွေရှိခဲ့ပါတယ်၊ မလုပ်ကြဖို့ပြောခဲ့ပါတယ်၊ အခုတော့ နည်းနည်းလျော့သွားပြီး၊ တရားဝင်တော့ ထည့်သွင်းမပြောခဲ့ ပါဘူး”ဟု အဖွင့်အမှာစကားတွင်လည်းထည့်သွင်းပြောကြားခဲ့သည်။

 e-Mandalay Web Portal ကို Pilot Project အနေဖြင့် ဝန်ကြီးဌာနငါးခု(ဆက်စပ်ဝန်ကြီးဌာန ကိုးခု)နှင့် ၎င်းတို့အောက်ရှိ ဌာန ၇၀ခန့်၊ Topic ၁၉၉ ခုတို့ဖြင့် စတင်လွှင့်တင်နိုင်ရန် စီစဉ်ထားပြီး ယခုနှစ်အတွင်း ကျန်ရှိသော ဝန်ကြီးဌာန အချက်အလက်များကို ဖော်ပြနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ e-Mandalay Application ကို Goggle Play Store တွင် Download ရယူအသုံးပြုနိုင်ကြောင်း ပြောကြားခဲ့သည်။