၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်

 ၂၀၁၇ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် ဝူရှူးပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိခဲ့သော အောင်ပွဲရ မန္တလေးတိုင်းဒေသကြီး ဝူရှူးအသင်းအား ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးမိုးလုံလေလုံအားကစား ခန်းမတွင် ကျင်းပသည်။

 ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်၊ အားကစားဆပ်ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မိဘဆွေမျိုးများက အောင်ပွဲရ မန္တလေးတိုင်းဒေသကြီး ဝူရှူးအသင်းမှ ကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများကို ကြိုဆိုနှုတ်ဆက်ကြသည်။

 ထို့နောက် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး မန္တလေးတိုင်း ဒေသကြီး ဝူရှူးဆပ်ကော်မတီအတွင်းရေးမှူး ဦးကျော်အေးက ပြိုင်ပွဲအတွေ့အကြုံနှင့် ဆုတံဆိပ်ရရှိအောင် ကြိုးစားခဲ့မှု အခြေအနေများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြသည်။