၂၀၁၇ ခုနှစ် နိုဝင်ဘာ ၉ ရက်

 ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အင်ဂျင်စီ(Japan International Coorperation Agency JICA)အစီအစဉ်ဖြင့် အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)တွင် တာဝန်ထမ်းဆောင်မည့် (Volunteer)ဂျပန်ရေကူးနည်းပြ Mr.Ryuki HOMMA အား တာဝန်အပ်နှင်းခြင်း အခမ်းအနားကို နိုဝင်ဘာ ၉ ရက် နံနက် ၁၀ နာရီခွဲက အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး) အားကစားခန်းမ၌ ကျင်းပသည်။

 အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr.Higuchi TATESHI JICA ၊ ဌာနေကိုယ်စားလှယ် Mr. Maskyuki KARASAWA နှင့်အဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr.Higuchi TATESHI  က “ယခင်နှစ် နိုဝင်ဘာလတုန်းက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ခဲ့စဉ်က နိုင်ငံရပ်ခြား ပူးပေါင်းဆောင်ရွက်မှု လူငယ်စေတနာ့ဝန်ထမ်းများ စေလွှတ်ရေးဆိုင်ရာ သဘော တူညီမှု စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ စေလွှတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အားကစားနှင့် ကာယပညာ သိပ္ပံဟာ အခုချိန်အထိ ထူးချွန်တဲ့ လက်ရွေးစင်ကစားသမားတွေများစွာ မွေးထုတ်ခဲ့ပြီး နည်းပြများ ပြုစုပျိုးထောင်ပေးရာမှာလည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းကို တွေ့ရှိရပြီး တဖက်မှာလည်း စွမ်းရည်ပိုမို မြှင့်တင်နိုင်ရန်အတွက် နောက်ဆုံးပေါ်နည်းပညာများနှင့် အတွေ့အကြုံ ရှိသည့် နည်းပြ စေလွှတ်ပေးဖို့ အဆိုပြုလာသည့်အတွက် ဒီတစ်ခေါက်မှာ နိုင်ငံခြားမှာ နည်းပြအနေဖြင့် အတွေ့အကြုံရှိသည့် နည်းပြအား စေလွှတ်ပေးခဲ့သည်။ နောက်ဆုံးအနေဖြင့် အားကစားနှင့် ကာယပညာသိပ္ပံ ပိုမိုတိုးတက်ပါစေကြောင်း မျှော်လင့်မိပါသည်”ဟု နှုတ်ခွန်းဆက် စကား ပြောကြားသည်။

 ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြားပြီး JICA  ဌာနေကိုယ်စားလှယ် Mr. Maskyuki KARASAWA နှင့် ဂျပန်ရေကူးနည်းပြ Mr.Ryuki HOMMA တို့က မိတ်ဆက်အမှာစကား ပြောကြားကြသည်။

 ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ဂျပန်သံအမတ်ကြီးအား အမှတ်တရဂုဏ်ပြု လက်ဆောင် ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကာ အခမ်းအနားအပြီးတွင် သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)အတွင်းရှိ ရေကူးကန်၊ မန္တလာသီရိအားကစားကွင်းအတွင်း လေ့ကျင့်နေသည့် ဝူရှူးနှင့် ကရာတေးဒို အားကစားသမားများကို ကြည့်ရှုအားပေး၍ MULTIPURPOSE အဆင့်မြင့်အားကစားခန်းမ၊ ရေကူးကန် ၂ ကန်၊ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)အတွင်းရှိ အားကစားလေ့ကျင့်ရေးရုံများနှင့် အားကစားအိပ်ဆောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြ သည်။