၂၀၁၇ ခုနှစ် နိုဝင်ဘာ ၃၀ ရက်

  အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် Sangai Festival အထိမ်းအမှတ်အဖြစ် Imphal မြို့ရှိ ပြည်နယ်အားကစား၌ နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက်တို့တွင် ကျင်းပ ခဲ့သော မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု မန္တလေးတိုင်းဒေသကြီးမှ အားကစားနှင့် ကာယပညာသိပ္ပံ အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းသည် အိန္ဒိယနိုင်ငံကိုယ်စားပြု မဏိပူရပြည်နယ် လက်ရွေးစင်ဘောလုံးအသင်းအား ပထမနေ့ပွဲစဉ်တွင် ခြောက်ဂိုး-နှစ်ဂိုး၊ ဒုတိယနေ့ပွဲစဉ်တွင် ခြောက်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး  ပြည်နယ်ဝန်ကြီးချုပ်က ချီးမြှင့်ပေးအပ်သည့် တံခွန်စိုက်ဆုဖလားနှင့်အတူ နိုဝင်ဘာ ၃၀ ရက် နံနက် ၇ နာရီက တမူးမြို့မှတစ်ဆင့် မော်တော်ယာဉ်ဖြင့် မန္တလေးမြို့သို့ ရောက်ရှိကြသည်။

 အဆိုပါ အနိုင်ရရှိသည့် မန္တလေးတိုင်းဒေသကြီးမှ အားကစားနှင့် ကာယပညာသိပ္ပံ အမျိုးသမီးအသင်းမှ အဖွဲ့ခေါင်းဆောင် အုပ်ချုပ်သူ နည်းပြ ကစားသမားများအား အား/ကာသိပ္ပံကျောင်းထောင့် ၇၃ လမ်းမှ စတင်ကာ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ဦးဆောင်ကာ ပန်းကုံးများစွပ်၍ ဂုဏ်ပြုကြိုဆိုခဲ့သည်။

 ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးမှ အားကစားနှင့် ကာယပညာသိပ္ပံဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ် H.E Mr.Nardan Singh Bhaisor အား/ကာသိပ္ပံကျောင်းအုပ်ကြီး ဦးနိုင်လင်းအောင်နှင့် တာဝန်ရှိသူများ၊ အား/ကာသိပ္ပံမှ ကျောင်းသား၊ ကျောင်းသူများက ပန်းစည်းများ ပေးအပ်ကာ ကြိုဆိုနှုတ်ဆက် အားပေးခဲ့သည်။

 ထို့နောက် ကြိုဆိုပွဲအခမ်းအနားကို သုံးထပ်ဆောင်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ဂုဏ်ပြုစကားပြောကြားပြီး အမျိုးသမီးအဖွဲ့ခေါင်းဆောင် ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က အားကစားသမားများ သွားရောက်ယှဉ်ပြိုင် အောင်ပွဲခံယူနိုင်မှုများကို ရှင်းလင်းတင်ပြ၍ အသင်းနည်းပြအုပ်ချုပ်သူတို့နှင့်အတူ  ဆုဖလားကို တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးထံသို့ ပြန်လည်အပ်နှံကာ လက်ရွေးစင်အသင်းမှ အားကစားသမားများအား နံနက်စာဖြင့် ဂုဏ်ပြုဧည့်ခံကျွေးမွေးခဲ့သည်။