၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃ ရက်

 ၂၀၁၇ ခုနှစ် မန္တလေးတိုင်းဒေသကြီး ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု(အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၃ ရက် နံနက် ၈ နာရီက မန္တလေးမြို့ ဗထူးအားကစားခန်းမ၌ ကျင်းပသည်။

 ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်နှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အားကစားဆပ်ကော်မတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီမှ တာဝန်ရှိသူများ၊ အဖွဲ့ဝင်များ၊ ခရိုင်အသင်း ခုနစ်သင်းမှ အား/ကာ လက်ထောက် ညွှန်ကြားရေးမှူးများ၊ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူ နည်းပြများ၊ အေရိုးဗစ်အားကစားသမားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အကဲဖြတ် ဒိုင်အဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

 အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု(အေရိုးဗစ်)ပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်သည်။

 ထို့နောက် ပြိုင်ပွဲဝင် ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်အသင်းမှ အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး အားကစားခန်းမအတွင်းမှ ပြန်လည်ထွက်ခွာကြကာ ပြိုင်ပွဲဝင် အသင်း ခုနစ်သင်းမှ အားကစားသမားများက အသင်းလိုက်၊ တစ်ဦးချင်း၊ သုံးယောက်တွဲ ပွဲစဉ်ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကြသည်။