၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်

 မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ်နှင့် မန္တလေးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ ကြီးမှူး၍ MFR (Mandalay Free Rider)နှင့် MBA Mandalay Bike Adventures တို့ပူးပေါင်း၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၆)ကြိမ်မြောက် Mountain Bike မန္တလေးတောင်တက် ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲ နှင့် မန္တလေးတောင်ဆင်း လမ်းကြမ်း Down Hill ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲများကို ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက သတ်မှတ်နေရာတို့တွင် ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် စက်ဘီးစီးအားကစားသမား ၃၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြသည်။

 ရှေးဦးစွာ(၆)ကြိမ်မြောက် Mountain Bike မန္တလေးတောင်တက် ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၆ နာရီခွဲက မန္တလေးမြို့ ၇၈ လမ်း နှင့် ၃၃ လမ်းထောင့် အိုစတိုးရှေ့ စုရပ်နေရာ၌ ကျင်းပရာ ပြိုင်ပွဲဝင် အသက် (၂၅)နှစ်အောက်တန်း၊ အသက် (၂၅-၃၅)နှစ်အတန်း၊ အသက် (၃၅-၄၅)နှစ် အတန်း၊ (၄၅-၆၀)နှစ်အတန်း၊ အသက် (၆၀)နှစ်အထက်နှင့် အလွတ်တန်း၊ ပရိုတန်းဟူ၍ အတန်း (၆)တန်းတို့မှ ပြိုင်ပွဲဝင် စက်ဘီးအားကစားသမားများ အပါအဝင် တောင်ဆင်းလမ်းကြမ်း Down Hill  စက်ဘီးစီးပြိုင်ပွဲတွင် Elite Pro တန်း၊ Master တန်းနှင့် Beginner တန်း၊ အတန်း ၃ တန်းတို့မှ စက်ဘီးစီး အားကစားသမား စုစုပေါင်း ၃၀၀ ကျော်တို့က သတ်မှတ်စုရပ်နေရာတွင် ရောက်ရှိနေရာယူကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းကျော်ဇောနှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေမှူး ဦးဝေဇင်တို့က ပြိုင်ပွဲဝင် စက်ဘီးစီး အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ ပြိုင်ပွဲအား တိုင်းဒေသကြီးဝန်ကြီးက တာထွက်အချက်ပြ သေနတ်ပစ်ဖောက်လိုက် သည်နှင့်တစ်ပြိုင်နက် ပြိုင်ပွဲဝင် စက်ဘီးစီးအားကစားသမားများက မိမိတို့သက်တမ်းအလိုက် ပါဝင်ယှဉ်ပြိုင်ကြသည်။

 အဆိုပါ စက်ဘီးစီးအားကစားသမားများသည် တာထွက်စုရပ်မှ ကျုံးတောင်ဘက် ၂၆ လမ်းအတိုင်း၊ ကျုံးအရှေ့ဘက် ၆၆ လမ်းတို့မှ ၁၉ လမ်းအတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရေနီမြောင်းတာဘောင်လမ်းမှ လယ်တောလမ်းများကို ဖြတ်သန်းစီးနင်း၍ မန္တလေး-မတ္တရာကားလမ်းတို့မှ တစ်ဆင့် မန္တလေး တောင် ဆင်းလမ်းအတိုင်း မန္တလေးတောင်ထိပ် ပန်းဝင်မည့်နေရာအထိ အကြိတ်အနယ် စက်ဘီးစီးနင်း ယှဉ်ပြိုင်ပန်းဝင်ခဲ့ကြသည်။

 မန္တလေးတောင်ဆင်း လမ်းကြမ်း Down Hill ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲများကို မန္တလေးတောင်ပေါ် ဓာတ်လှေကားအနီး တာလွှတ်နေရာမှ ဘိုးဘိုးကြီး နတ်နန်းအထိ သတ်မှတ်အတန်းလိုက် ဆက်လက်ကျင်းပရာ တောင်ဆင်း လမ်းကြမ်း ပြိုင်ပွဲဝင် စက်ဘီးစီးအားကစားသမားများက ယှဉ်ပြိုင်ပန်းဝင်ခဲ့ကြပြီး ပြိုင်ပွဲအပြီး ဆုများပေးအပ်ချီးမြှင့်ရာ တိုင်းဒေသကြီးဝန်ကြီး ဦးစိုင်းကျော်ဇော၊ မန္တလေးတောင်တော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်းထွန်းနှင့် တာဝန်ရှိသူများက ပြိုင်ပွဲ အသက် ၆၀ နှင့် အထက်သက်တမ်းတွင် ပထမဆု ဦးလှရွှေ၊ ဒုတိယဆုရ ဦးရဲကြည်နှင့် တတိယဆုရ ဦးလှသိန်းနှင့် ဆုရရှိသူများနှင့် သက်တမ်းအလိုက် ဆုရရှိခဲ့ကြသော ပြိုင်ပွဲဝင် အမျိုးသား၊ အမျိုးသမီးစက်ဘီးစီး အားကစား သမားများကို ဆုငွေ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး မန္တလေးတောင်တော် ဂေါပကအဖွဲ့သို့ မြန်မာနိုင်ငံစက်ဘီးစီး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အလှူငွေကျပ် ၁၀ သိန်း ပေးအပ်လှူဒါန်းခဲ့သည်။