၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်

 မန္တလေး ဗောဓိကုန်းပုဏ္ဏားစုရပ် အဋ္ဌမအကြိမ်မြောက် အမေနေ့စာပေဟောပြောပွဲကို ဇန်နဝါရီ ၂ ရက် ညနေ ၇ နာရီက ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြားရှိ ဦးပြာရီ ဘုရားကျောင်းဝင်းအတွင်းတွင် ကျင်းပသည်။

 အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောနှင့် တာဝန်ရှိသူများ၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်၊ စာရေးဆရာမင်းကိုနိုင်၊ စာရေးဆရာ ပေတလူ၊ စာရေးဆရာ ဇော်ခိုင်ဦး၊ ဗောဓိကုန်းအမေနေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဆရာသိုက်ဖွားထွန်းထွန်းနှင့် တာဝန်ရှိသူများ၊ စာပေဟောပြောသူများ၊ စာပေမိသားစုများ၊ စာရေးဆရာများ၊ ရပ်မိ၊ ရပ်ဖများ တက်ရောက်ကြသည်။

 အခမ်းအနားတွင် ဘဝအလင်းရောင် ဆရာတော်၊ ဆရာ ဦးဖုန်းမြင့်အောင်၊ ဆရာသိုက်ဖွားထွန်းထွန်းတို့က အဖွင့်မုဒိတာစကား အသီးသီးပြောကြားကြပြီး စာရေးဆရာ ဇော်ခိုင်ဦးက အမေ့ရုပ်ရည်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမင်းကိုနိုင်က လူလေးကြီးရင်ဘာလုပ်မလဲခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာပေတလူက တစ်ကနေပြန်စရအောင်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောကြပြီး စာပေဟောပြောကြသော စာရေးဆရာများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်တို့က ဂုဏ်ပြုလက်ဆောင်များ ပြန်လည်ပေးအပ်ကြသည်။