၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်

 ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ဇန်နဝါရီလ ၆ ရက် နံနက် ၇ နာရီက ချမ်းမြသာစည်မြို့နယ် ၄၅ လမ်းနှင့် ၈၄ လမ်းထောင့်ရှိ သာသနာ ၂၅၀၀ ဗိမာန်တော်တွင် ကျင်းပသည်။

 ကရင်သက္ကရာဇ် ၂၇၅၈ နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

 အခမ်းအနားကို တက်ရောက်လာသူများက ကရင်အမျိုးသားသီချင်းဖြင့် သံပြိုင်သီဆို၍  ဖွင့်လှစ်ပေးပြီး ဦးစောဘင်ဂျမင်ဒွန်းက ကရင်နှစ်သစ်မင်္ဂလာ အဖွင့်အမှာစကားပြောကြားပြီးနောက် ဦးစောခင်လှစိန်က ကရင်နှစ်သစ်ကူးဖြစ်မြောက်ရေးဗဟိုကော်မတီ(မဟာရန်ကုန်)မှ ပေးပို့သော နှစ်သစ်မင်္ဂလာ သဝဏ်လွှာကို ဖတ်ကြားသည်။

 ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ၂၇၅၈ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် မြန်မာဘာသာ၊ အရှေ့ပိုးကရင်ဘာသာ၊ အနောက်ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် ကရင်တိုင်းရင်းသူလေးများက နှုတ်ခွန်းဆက်စကားကိုလည်းကောင်း၊ ဦးစောစေးဒေက နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံအကြောင်းကိုလည်းကောင်း ပြောကြားသည်။

 ကရင်အမျိုးသားနှစ်သစ်ကူးနေ့၌ နံနက်ပိုင်းတွင် အလံတင် အခမ်းအနားကျင်းပခဲ့ပြီး သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ထူးချွန်ကျောင်းသား၊ ကျောင်းသူအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်း၊ ကရင်ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းနှင့် ဧည့်ပရိတ်သတ်တို့အား အကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခြင်းအစီအစဉ်များ ပြုလုပ်ခဲ့သည်။

 ကရင်လူမျိုးများသည် တစ်နှစ်ပတ်လုံး တောင်ယာ၊ လယ်ယာ စိုးပျိုးလုပ်ကိုင်ပြီးစီး၍ သီးနှံများရိတ်သိမ်းပြီးချိန်တွင် သီးဦးသီးဖျားများကို ဆွေမျိုးမိတ်ဆွေများနှင့် စုပေါင်းကာ ကောက်သစ်စားခြင်း၊ ပူဇော်ပသခြင်း၊ မိမိယုံကြည်ရာ ဘာသာဓလေ့များဖြင့် ကောင်းမှုပြုလုပ်ခြင်း၊ ဆုတောင်းခြင်းဖြင့် နှစ်သစ်တစ်ခုကို အစပြုဆင်နွှဲကာ ကရင်လူမျိုးများ၏နှစ်သစ်ကူးနေ့ပြုလုပ်ခြင်းဖြစ်ပြီး အမျိုးသားစည်းလုံးညီညွတ်ခြင်းသင်္ကေတကို ဖော်ဆောင်ခြင်းလည်းဖြစ်ကြောင်း၊ နှစ်စဉ် ပြာသိုလဆန်း ၁ ရက်နေ့ ရောက်တိုင်း ကရင်အမျိုးသားနှစ်သစ်ကူး အခမ်းအနားကို ကရင်တိုင်းရင်းသား လူမျိုးများရှိရာ ဒေသအသီးသီးတွင်လည်း ကျင်းပလေ့ရှိရာ ၈၁ ကြိမ်မြောက်ရှိပြီဖြစ်သည်။